နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။
ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။
ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံမည့် အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ် သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။
“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။
တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။
အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။
ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။
Ref : ဧရာဝတီ
undefined
undefined,
undefined
Posted by
Burma Campaign Japan
|


0 comments:
Post a Comment