,
|

ကဲ..... မဲပေးအုံး မှာလား

သူငယ်ချင်းရေ
ရွေးကောက်ပွဲကြီး ကျင်းပတော့မယ်  ၊ ဘယ်လို လုပ်ရမလည်း အကြံပေးပါအုံးဆိုလို့ ဒီစာကို ငါရေးပြီး ငါ့ရဲ့ ထင်မြင်ယူဆချက်ကိုမင်းကို ပြောပြအုံးမယ် ။  တစ်ခါက ဘာသာရေး လုပ်ငန်း ၊ လူမှုရေး  အကျိုးပြုလုပ်ငန်းတွေ ကိုသာ စိတ်ဝင်းစားခဲ့ ငါဟာ နိုင်ငံရေး အသိညဏ် ဗလာပါကွာ ။ရွေးကောက်ပွဲ ဆိုတဲ့ အသံကြားတော့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ် ။ သူတို့တွေရဲ့ လုပ်ရှားမှု မြန်မာနိုင်ငံသား ဖြစ်တဲ့ ငါကို လည်း အဖျားခတ်တာပေါ့ကွာ ။ အကြောင်းအားလျော်စွာ ဘဲ  အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အကြောင်းကို ရေးထားတဲ့ အောင်သန်းရဲ့ အောင်ဆန်း ဆိုတဲ့ စာအုပ်လေး ဖတ်လိုက်ရသေးတယ် ။ ဗိုလ်ချုပ်ကို ငယ်ငယ်လေးကတည်းက လေးစားချစ်ခင်ခဲ့ပေမယ့် သူ့အကြောင်းကို သေချာ မသိဘူး ။ သူ့အကြောင်းကို သေချာ မသိတော့ သူ့ကို လေးစားပေမယ့် သူ့လုပ်ရပ်တွေကို သေချာ နားမလည်ခဲ့ဘူးပေါ့ကွာ ။  သူ့အကြောင်း နည်းနည်း သိလာတော့ ငါ ထပ်သိချင်လာတယ် ။ သူကို ပိုပြီး ကြည်ညိုလေးစား လာတယ် ။ ထပ်ရှာပြီး ဖတ်ကြည့်တော့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းပေါင်းချုပ်ကို သွားတွေ့တယ်ကွ ။ အဲဒီ စာအုပ်လေးကို ဖတ်နေတဲ့ အချိန်မှာ ဘယ်လိုခံစားရလည်း ဆိုတော့ နိုင်ငံသားအားလုံးရဲ့ အရေးဟာ နိုင်ငံရေး ဆိုတာကို သိမြင်လာတယ် ။ ဗိုလ်ချုပ်က အင်မတန်မှ ကို ထူးချွန်တဲ့ နိုင်ငံရေး ဗိသုကာ တစ်ယောက်ပါ ။

ဒါပေမယ့် ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး ကို ပြည်သူလူထုကို ချပြတဲ့နေရာမှာ အင်မတန်ရိုးရှင်းတဲ့ အတွက် ပြည်သူလူထု အားလုံး နားလည် သဘောပေါက်ကြတယ်  ။ နောက်တစ်ချက်က သူက နိုင်ငံရေး လုပ်တဲ့ နေရာမှာ ကိုယ်ကျိုးအတ္တကို ဘေးဖယ်ထားတာကွ ။ သူ့က တိုင်းပြည်အတွက် သူဘာပေး နိုင်မလဲ ဆိုတာကို ကြည့်ပြီး လုပ်သွားလို့ တနိုင်ငံလုံးက ပြည်သူလူထုဆီက ချစ်ခင်လေးစားမှု တွေ ပြန်ရတာပါကွာ ။
 ငါတို့ မြတ်ဗုဒ္ဓရဲ့ တရားတော် အားလုံးကို အနှစ်ချုပ်ရင်  အကြောင်းနဲ့အကျိုးဘဲ ရှိမယ် ။  အကြောင်းကောင်းမှ အကျိုးကောင်းမယ် ၊ ။ ဗိုလ်ချုပ်လုပ်သမျှ အကြောင်းတရားက ကောင်းတော့ ပြည်သူလူထု ဆီက လေးစားချစ်ခင်မှု ဆိုတဲ့ အကျိုးတရားကို   ရတာပေါ့ ။ အဲဒီ ပြည်သူလူထု ဆီက လေးစားချစ်ခင်မှု တွေကို  စည်းလုံးညီညွှတ်အောင် ခွန်အား  စီမံခန့်ခွဲနိုင်ခဲ့လို့ ငါတို့ တိုင်းပြည် နယ်ချဲ့လက်အောက်က လွတ်မြောက်ပြီး  စစ်မှန်သော လွတ်လပ်ရေးကို ရခဲ့တာပေါ့ကွာ ။ ကံမကောင်းတဲ့ မြန်မာနိုင်ငံသားတွေ တိုင်းတပါး နယ်ချဲ့လက်အောက်က ရုန်းထွက် နိုင်ကြပေမယ့်  စစ်အာဏာရှင် စနစ်အောက်မှာ ဆက်လက် ဒုက္ခရောက်ကြရတာ ဒီနေ့ ထိတိုင်ပါဘဲ ။ ဒီလို အတိတ်ဘ၀က ကုသိုလ်ကံကြောင့် အခုလို စစ်ကျွန်ဘ၀ ရောက်နေကြတဲ့ငါတို့က သူတို့လက်အောက်မှာနေ သူတို့ခိုင်းတာဆက်လုပ်နေကြရင် နောင်ဘ၀ ဆို ဒီထက်တောင် ပိုဆိုးသွားမှာပေါ့ ။အခုလည်း ဒီရွေးကောက်ပွဲရဲ့ အခြေခံ ဥပဒေက သူတို့ကို တရားဝင် အုပ်ချုပ်ရေး အာဏာ အပ်နှင်းဖို့ ကြံစည်ထားတာဆိုတော့ဆန့်ကျင်သင့်တာပေါ့ကွာ ။

 မင်းတို့တွေ စိတ်ဝင်စားလို့ မေးလာတဲ့ ရွေးကောက်ပွဲကို ဘယ်လို လုပ်ရမလည်း ဆိုတာ ငါလည်း အမှန်တကယ် သိချင်လာတယ် ။ ဒါကြောင့် နီးစပ်ရာ ပညာရှင်တွေကို လိုက်မေးကြည့်တယ်  ၊ ပညာရှင်တွေ ရေးထားတဲ့ စာပေတွေကို လိုက်လံ ဖတ်ရှုတယ် ။ ဒီနေ့ အာဏာရှင်တွေ ရဲ့လုပ်ရပ်တွေနဲ့  နှိုင်းယှဉ်ပြီး လေ့လာတယ် ။  သူတို့တွေ တကယ်ဘဲ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာလား ၊ ဒါမှ မဟုတ် ဟန်ဆောင် ချည်းကပ်တာလား  ကို သေချာ ဆန်းစစ် လေ့လာကြည့်တယ် ။ သူတို့တွေ ၂၀၀၈ အခြေခံ ဥပဒေကို  အတည်ပြုပြီး ကျင်းပတာဆိုတော့  အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒ ကို ပထမဆုံး လေ့လာကြည့်လိုက်ရင် ကို ဘဲ အရမ်းထင်ရှား ပေါ်လွင်နေပါတယ် ကွာ ။ သူတို့တွေ တကယ့် ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်ချင်တာ မဟုတ်ဘူး ကွ ။  မတရားမှု ကို အခြေခံ ထားတာ ပေါ်လွင် ထင်ရှားနေတာဘဲ ။ပညာရှင်တွေ တော်တော်များများက ရွေးကောက်ပွဲကို လက်မခံဘူးကွ ။ ဘာဖြစ်လို့လည်းလို့ မေးကြည့်တော့  မတရားတာကို လက်ခံလိုက်ရင် မင်းလည်း မတရားမှု ကို မြတ်နိုးသူ ၊အားပေးသူ ဖြစ်သွားမှာပေါ့ လို့ ပြန်ဖြေကြတယ် ။ ငါလက်ခံ ထားတဲ့ ပညာရှင် ဆိုတာက သီလ သမ္မာဓိ ပညာနဲ့ ပြည့်စုံပြီး သူတော်ကောင်း တရားကို လက်ကိုင်ထားတဲ့ လူတွေကို ပြောတာနော် ။ ဒီတော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ ငါက သဘာဝ အမှန်တရားကို လက်ကိုင်ထားပြီး မတရားမှု ကို ဆန့်ကျင်ပါလို့ဘဲ ပြောချင်တယ်ကွာ ။
 ဒို့ဗုဒ္ဓဘာသာ ရဲ့ အမြင့်မြတ်ဆုံးပန်းတိုင် ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန် နော် ။ အဲဒီလို ဒုက္ခချုပ်ငြိမ်းဖို့ အတွက် ဒုက္ခဆိုတာ ဘာလည်း ဆိုတာ အရင် သိအောင်လုပ်ရတယ် ။ ဒုက္ခကို သိရင် အဲဒီ ဒုက္ခ က ပေးလာတဲ့ မကောင်းတဲ့အကျိုးအပြစ်တွေကို မုန်းတီးလာတာလေ ။ အဲဒီလို မုန်းတီးလာတော့ ဒုက္ခကို မလိုချင်တော့ဘူး ၊ မလိုချင်တော့ မရတော့ဘူး ပေါ့ကွာ ၊ အဲဒီတော့ ဒုက္ခအဆုံးပေါ့ ။ မသိမှု အ၀ဇ္ဇာက တဏှာကို ခင်တွယ်အောင်လုပ်လို့ ဒီသံသရာ ကြီးထဲမှာ ငါတို့ ကျင်လည်နေရတာပါ ။ အခုလည်း ဒီလိုပါဘဲ သူငယ်ချင်း   ဒီမိုကရေစီ ဆိုတဲ့ စကားလုံးလေးက ရွေးကောက်ပွဲဆိုတဲ့ အမည်ကို အသုံးချထားလို့ ငါတို့ အမှန်ကို မြင်ဖို့ ခက်နေတာပါကွာ ။ သူတို့လက်ရှိ ပစ္စပ္ပုန်မှာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခတွေက ပုံပြင် မဟုတ်ဘူးလေ ကွာ ။ ဒါတွေကို သိပါလျှက် နဲ့သူတို့တွေကို တရားဝင် အုပ်ချုပ်တဲ့အာဏာ မင်းပေးအပ်ချင်သေးလို့လား သူငယ်ချင်းရယ် ။ မြန်မာနိုင်ငံသားတွေ အာဏာရှင် စနစ်ကို တကယ် မုန်းတီးရင် ဆန့်ကျင်ကြမှ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်မှာပါ သူငယ်ချင်းရယ်။
 သဘာဝ အမှန်တရားကို  အခြေံခံပြီး တည်းဆောက်ထားတဲ့ တရားတော်ရဲ့ ဂုဏ်ပုဒ် တခုဖြစ်တဲ့  လာလှည့်စမ်းပါ ၊ စမ်းကြည့်လှည့်စမ်းပါ ဆိုတဲ့ ဂုဏ်ပုဒ်လေး ကို နှိုင်းယှဉ် စဉ်းစားကြည့်ပါအုံးကွာ ။ အမှန်အကန်သာ ဆို အစမ်း ခံနိုင်ရတယ် ကွ ။ အခုတော့ ချို့ယွင်းချက်တွေ ဗရပွနဲ့  အခြေခံ ဥပဒေကဒီမိုကရေစီ ဆိုတဲ့ စံနှုန်းနဲ့ တော့ အစမ်းသပ် မခံ နိုင်ပါဘူးတဲ့ ။ ဒါပေမယ့်လည်း  ပြုပြင်ပြောင်းလဲ ကြည့်ရတာပေါ့ ဆိုတဲ့ လူတွေရဲ့ သဘောထားဟာ ဓမ္မ အမှန်တရားကို ဆန့်ကျင်နေလို့ ငါဒီရွေးကောက်ပွဲကိုဆန့်ကျင်ပါလို့ ပြောတာပါ သူငယ်ချင်း ။
 သံသရာ ဆိုတဲ့ ၀ဲသြဃ လို့ ဒို့ရဲ့မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့တယ် ။ ၀ဲထဲကို ရောက်တဲ့ ပစ္စည်းတစ်ခုဟာ ထုံးစံ အတိုင်း စတင်လည်ပတ်နေတဲ့ အချိန်မှာ မသိသာပေမယ့် တဖြည်းဖြည်းနဲ့ အရှိန်လေးရလာပြီ ဆိုရင်တော့ တဖြည်းဖြည်း နစ်သထက်နစ် လာပြီး စုန်းစုန်းမြုပ်တော့တာပါဘဲကွာ ။အခုလည်း ဒီလိုပါဘဲကွာ  အာဏာရှင် ယန္တရားကြီးက  တရားဝင် စတင်လည်ပတ်တော့မယ့် အချိန်မှာ မသိသာပေမယ့်  ကြာလာတော့ တဖြည်းဖြည်း သိသာလာတယ် ၊ နောက်ဆုံးတော့ မြန်မာနိုင်ငံကြီး   နစ်မြုပ်သွား မှာ အသေအချာပါဘဲ ။ အခုတော် တော်တော်လေး သိတာနေပြီနော် ၊ ကမ္ဘာ့အလယ်မှာ  မြန်မာနိုင်ငံနဲ့  မြန်မာနိုင်ငံသားတွေ  တ်ာတော်လေးကို မျက်နှာငယ်ပြီး နိမ့်ကျနေပါပြီ ။
 သံသရာ ဆိုတာ စက်ဝန်းလို ဘဲ အကြားအလပ်မရှိ လှည့်ပတ်နေတာ ။ အဲဒီ သံသရာ ကြီး လှည်ပတ်နေသမျှ ငါတို့ လူသားတွေ ဒုက္ခခံလိုက် သုခစံလိုက် ၊ ငိုလိုက်  ၊ ရီ လိုက်နဲ့  ၊ မွေးလိုက်သေလိုက်နဲ့  ဘယ်တော့မှ အဆုံးရှိမှာ မဟုတ်ဘူး ။ ဒီလိုသံသရာ ဆိုတာ စက်ဝန်းကြီးပါလို့ စတင်ဖော်ထုတ် လမ်းပြသူက မြတ်ဗုဒ္ဓ ပါ သူငယ်ချင်း ။  တကယ်တော့ မြတ်ဗုဒ္ဓက ဟောကြားခဲ့လို့ အမှန် လို့ ယုံကြည်ခိုင်းတာမဟုတ်ဘူးနော် ၊  မြတ်ဗုဒ္ဓဆိုတာ အမှန်တရားတွေကို ဖော်ထုတ်ပြသခဲ့တာပါ ။ အမှန်တရားမြတ်ဗုဒ္ဓက ဒီသံသရာကြီး ကို ဘယ်လို ရပ်တန့်သွား အောင် လုပ်ရမယ် ဆိုတာကိုလည်း  လမ်းပြခဲ့ပါတယ်ကွာ  ။  အဲဒီလို ရပ်တန့်အောင် လုပ်ရမည့်နည်းလမ်းတွေက သံသရာ လည်ပတ်နိုင်အောင် အထောက်အပံ့ပေးထားတဲ့ အ၀ိဇ္ဇာနဲ့ တဏှာကို ဖယ်ရှားပြီး  ၀ိပဿနာတရားကို ပွားများ ကျင့်ကြံကြပါလို့  ဟောကြားလမ်းပြခဲ့တယ် သူငယ်ချင်း ။ ဒီလိုပါဘဲ ကွာ အာဏာရှင် စနစ်ကို ချုပ်ငြိမ်းသွား စေချင်ရင်  အာဏာရှင် စနစ်ကို ဆက်လက် အထောက်အပံ့ပေးမယ့် ဒီရွေးကောက်ပွဲ ကြီးကိုလည်း ဆန့်ကျင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းစဉ်ကို လျှေက်လှမ်းနိုင်မှ ငါတို့ လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မှာ အမှန်ဘဲသူငယ်ချင်း ။
 ငါတို့ တိုင်းပြည်က လူတွေကို ကြည့်ပြီး ပုထုဇဉ် လူသားပီပီ တစ်ခါတလေ ဂရုဏာ သက်မိသလို  ၊ တခါတလေလည်း အရမ်း ဒေါသဖြစ်မိတယ်  ။ ဘုရားကို ပူဇော်ကန်တော့ကြတာ ကျေးဇူးရှိလို့ပါ ။ အဲဒီကျေးဇူးဆိုတာလည်း ဒုက္ခအပေါင်းက ချုပ်ငြိမ်းရာ အမှန် နိဗ္ဗာန်ကို လမ်းပြခဲ့လို့ပါ ။ မဂ္ဂင်ရှစ်ပါး ကိုလက်ကိုင်ထားပြီး ၀ိပဿနာ ကျင့်စဉ်ကို ကျင့်နိုင်မှ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မှာနော် ။  အဲဒီတွေနဲ့ ဆန့်ကျင်ပြီး လမ်းလွှဲကို လိုက်ကြရင်  သုံးဆယ့်တစ်ဘုံမှာ စုန်လိုက်ဆန်လိုက်နဲ့ ဆက်လက် မြောပါနေအုံးမှာပါ ဆိုတာကို မြတ်ဗုဒ္ဓက လမ်းဘဲ ပြပေးနိုင်တာပါ ။ မင်းတို့ကို ငါ နိဗ္ဗာန်ရောက် အောင် အရောက် သူကိုယ်တိုင်လည်း မပို့ဆောင်ပေးနိုင်ပါဘူး ။ ဒီတော့ ငါတို့ ဘယ်လမ်းကို လျှေက်ကြမှာလည်း  မင်းစဉ်းစား သူငယ်ချင်း ။
 အခုလည်း ဒီမိုကရေစီ လမ်းမှန်ကို လျှောက်လှမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်က လမ်းမှန်ပြခဲ့ပြီးပြီ။  သူကိုယ်တိုင်လည်း အခုချိန်ထိ  အဲဒီလမ်းမှန်ပေါ်မှာ ဆက်လက် လျှေက်လှမ်း ပြနေတော့ သူ့တာဝန်ကျေပြီ  လေ ။ ရောက်အောင် လျှောက်လှမ်း ကြရမှာက ကငါတို့တွေကိုယ်တိုင်ဘဲလေ  ။ဒါကို သူ့ကို ပြစ်တင် ပြောဆိုနေကြတာ မှန်သလား မှားသလား ဓမ္မအမြင်နဲ့ဘဲ မင်းစဉ်းစားကြည့်ပါ ။

လူပီသတဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဆိုတာ  ဓမ္မအရသာကို နှစ်ခြိုက်စွာ ခံစားသုံးဆောင် နိုင်ရတယ်ကွ ။  အဲဒီလို ဓမ္မအရသာကို နှစ်ခြိုက်စွာ ခံစားချင်ရင်  တရားတော်နဲ့ အညီ ကျင့်ကြံနေထိုင်ရတာ သလို  အဓမ္မကိုလည်း  အားမပေးရဘူး ။ ဓမ္မဘက်တော်သား တစ်ယောက် အနေနဲ့ အဓမ္မကို  တိုက်ထုတ်ရမယ် ။ နိဗ္ဗာန်ရောက် ဖို့ လမ်းစဉ်ဆိုတာ သိပေမယ့် ကိုယ်တိုင် ကျင့်နိုင်မှ ရောက်မှာ ။ လွယ်တော့ မလွယ်ပါဘူး ။ လွယ်ရင်လည်း အပါယ်လေးဘုံမှာ ဒုက္ခခံစားရတဲ့ သတ္တ၀ါဆိုတာ ရှိမှာ မဟုတ်တော့ဘူးလေ ။ အ၀ဇ္ဇာဆိုတဲ့ မသိမှု အမိုက်အမှောင် က နိဗ္ဗာန်ကို လိုချင်ခြင်းတဲ့ ညဏ်တရား ဆီကို မရောက်ရှိအောင် တဏှာနဲ့ ဆွဲထားတယ်ကွ ။  အဲဒီတဏှာကို သေအောင် မသတ်နိုင်သရွှေ့ မင်း နိဗ္ဗာန်ကို မရောက်ရှိနိုင်ဘူး ။ မင်းကို မက်လုံး အမျိုးမျိုးပေး ၊ အကောင်းဆုံး ဟန်ပြ ရုပ်တွေနဲ့ ဆွဲဆောင်ပြီး သံသရာရှည်အောင် ဆွဲဆန့်ချင်လို့  အဲဒီ အ၀ဇ္ဇာက တဏှာကို ခင်တွယ်အောင်လုပ်ထားကွ လို့ မြတ်ဗုဒ္ဓက အမြဲ ဆုံးမခဲ့တယ် ။ သူတို့ကို ဆန့်ကျင်၇င် မင်းဒုက္ခအမျိုးမျိုး ခံစားရမယ်လို့ မင်းကို ခြိမ်းခြောက်လိမ့်မယ် သူငယ်ချင်း ။ စိတ်ဓါတ်မကျနဲ့ ၊ ဓမ္မကိုသာ ကိုင်စွဲထား ပြီး  သီလနဲ့ ပညာညဏ်ကို လက်နက် အဖြစ် အသုံးချနိုင်ရင်  အဲဒီ အ၀ဇ္ဇာနဲ့တဏှာ ကို အမြစ်ပြတ်အောင် တိုက်ထုတ်လို့ရပါတယ်ကွာ.......။
 ဒီလိုပါဘဲ လက်ရှိ အာဏာရှင် စနစ်ဆိုး ကြီးကလည်း ရွေးကောက်ပွဲကို အကြောင်းပြပြီး  ဒီမိုကရေစီဆိုတဲ့ စကားလုံး  ကို မက်လုံးပေး  ၊ လွှတ်တော် ဆိုတာကို ဗန်းပြပြီး သူတို့ အာဏာ ဆက်လက် တည်မြဲအောင် အမျိုးမျိုး ဆွဲဆောင် ထားလိမ့်မယ် ။  ဆန့်ကျင်ရင် ဒုက္ခရောက်လိမ့်မယ် မင်းကို ခြိမ်းခြောက်လိမ့်မယ် ။ မကြောက်နဲ့သူငယ်ချင်း  ။  လွယ်တော့မလွယ်ဘူးပေါ့ကွာ လွယ်ရင်လည်း လွတ်မြောက်နေတာ ကြာပြီပေါ့ ။ ခက်လည်း မခက်ပါဘူး  စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်တဲ့လမ်းစဉ်တွေ အထင်းသားရှိပြီးသားပါ ။ ဒို့တွေ မရောက်ရောက် အောင် လှမ်းလျှေက်ရမှာ ငါတို့ရဲ့ တာဝန်ဝတ္တရားလေ . . ။
 မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို  လေးစားလိုက်နာ ကျင့်ကြံအားထုတ်ကြတဲ့လူတွေ စုပေါင်းရာက  ဗုဒ္ဓ သာသနာ တော်ကို တည်ဆောက် နိုင်ခဲ့တာပါ ။  ဒါကြောင့်  သာသနာတော် ဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကျင့်ကြံနေတဲ့ လူတွေရဲ့ အပေါ်မှာဘဲ မူတည်နေပါတယ် ။  ဒီလိုပါဘဲ ဒီမိုကရေစီ စနစ်ကို တကယ်လိုချင်ပြီး  ဒီမိုကရေစီနိုင်ငံတော်ရဲ့စံနှုန်းတွေကို လိုချင်လို့  ကြိုးစားဆောင်ရွက်တဲ့  လူတွေရှိမှ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မှာပါကွာ ။ ဒီမိုကရေစီ ကို ယူပေးပါလို့ ပြောနေတဲ့ လူတွေက များပြီး တကယ်ကြိုးစားဆောင်ရွက်ချင်တဲ့ လူတွေ နည်းပါးနေသေး သရွေ့ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မှာမဟုတ်ဘူး ။ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆိုတာ နိုင်ငံသားအားလုံး လူ့အခွင့်အရေးကို သာတူညီမျှစွာ  ခံစား နိုင်တဲ့ ဥပဒေကို အခြခံထားတယ်  ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ သူငယ်ချင်း ။
 ဖြစ်သမျှ အကြောင်း အကောင်းချည်းဘဲလို့  ထင်မြင်ယူဆထားတဲ့ ဒို့မြန်မာလူမျိုးတွေကို  ဖြစ်သမျှ အကြောင်း မကောင်းကောင်အောင် လုပ်ပြီး ဆရာတော် ဦးသုမင်္ဂလ က တနိုင်ငံလုံးကို လိုက်ပြီး ပြင်ပေးတာတွေ့တော့  အဲဒီ စကားသံလေးကြားတိုင်း   ပညာရှိ သူတော်ကောင်း ပီသလွန်းလို့ပါ ဆရာတော်ကို အမြဲ ရှစ်ခိုးနေမိတယ် သူငယ်ချင်း ။ ဒို့နိုင်ငံမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို လက်ကိုင်ထားပြီး အသိညဏ်ကို သစ္စာစောင့်သိတဲ့  ပညာရှင်တွေ အများကြီး ရှိပါသေးတယ်ကွာ ။ စိတ်ဓါတ်မကျပါနဲ့ ကွာ ။ တခုတော့ မမေ့နဲ့ ၊ သူတို့က လမ်းဘဲ ပြနိုင်မှာနော် ။ ရောက်အောင် လှမ်းလျှေက်ရမှာကငါတို့တာဝန်ဘဲ ။
 အတိတ်က ကုသိုလ်ကံကြောင့် အာဏာရှင်တွေ လက်ရှိအချိန်မှာ စံစားနေကြနေရကြပြီးငါတို့လည်း အတိတ်က ကုသိုလ်ကံကြောင့် အာဏာရှင် စနစ်ဆိုးအောက်မှာ ဒုက္ခခံစားနေရတာလည်း အမှန်ပါဘဲ ။ ဒါပေမယ့် အတိတ်ဆိုတာ ပြီးခဲ့ပြီလေ ကွာ ။ အခုပစ္စပ္ပုန်ကတော့ ငါတို့ လက်ထဲမှာလေ ၊ ငါတို့ လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိမှာဘဲ ။ ဒါကြောင့် ငါတို့တွေ  အတိတ်ကံကို ဥပက္ခာ ပြုပြီး   လက်ရှိ  ပစ္စပ္ပုန်မှာ အမှန်တရားကို  လက်ကိုင်ထားကာ မတရားတာကို ဆန့်ကျင်တာဟာ အနာဂတ်ကို အကျိုးမျှော်ကိုး လုပ်ဆောင်တာ ဖြစ်လို့ တရားတော်နဲ့ ညီပါတယ် သူငယ်ချင်း ရာ ။

ကဲသူငယ်ချင်းရေ မင်းကို အကျိုးအကြောင်းနဲ့ ငါရှင်းပြပြီးပြီ  ။  မင်း အမှန်တရားရဲ့ ဓမ္မဘက်တော်သား လုပ်မှာလား ၊ အမှားတွေတွေကို လက်ခံထားတဲ့ အဓမ္မရဲ့ ဘက်တော်သားလုပ်မှာလား  မင်းအပေါ်မှာဘဲမူတည် နေပါတယ်သူငယ်ချင်း ။ သီလ ၊ သမာဓိ ၊ ပညာ ကို လက်ကိုင်ထားပြီး သီလကို သာ လုံအောင် ထိန်းထားစမ်းပါကွာ ။ ဘယ်သူ့ကို မှ ကြောက်စရာ မလိုဘူး ။ အာဏာရှင် တွေ အုပ်စိုးသမျှ ဒီမိုကရေစီ  မဟုတ်ဘူးကွ  ။ ဒါကြောင့်  စစ်မှန်တဲ့  ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက် ချင်ရင် မတရားမှုကို အခြေခံထားတဲ့ ဒီရွေးကောက်ပွဲကြီးကို ရဲရဲကြီး ဆန့်ကျင်လိုက်စမ်းပါ ။  အာဏာရှင်တွေ ကြီးစိုးနေသမျှ တိုင်းပြည်က ဒီထက် ပိုပြီး ပျက်စီးလာအုံးမှာ အသေအချာဘဲ ။ တိုင်းပြည်ကို တကယ်ချစ်ရင် ၊ အမှန်တရားကို တကယ် အလေးထားရင် ၊ တရားတော်ကို ယုံကြည်တယ်ဆိုရင် လက်ရှိ မတရားမှု ကို အခြေခံထားတဲက ရွေးကောက်ပွဲကို ဆန့်ကျင်ရုံမှ တပါး အခြားမရှိဘူးလို့သာ ငါပြောလိုက်ပါရစေကွာ ။
ကဲဒါဆို .............. မင်း မဲပေးအုံးမှာလား ..။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 comments:

Post a Comment