,
|

ထုတ်ပြန်ထားသော ရေမြောင်းအမိန့်ကို မြို့တော်ဝန် ပြန်လည်ရုပ်သိမ်း

မျိုးချစ်သူ / ၉ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်မြို့တော်ဝန်က အဆောက်အအုံသစ် ဆောက်လုပ်သူများသည် (၅) ပေအကျယ် (၅) ပေအနက် ရေမြောင်းတူးရမည်ဟု ထုတ်ပြန်ထားသောအမိန့်ကို ကိုယ်တိုင်ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများက ပြောသည်။

ရန်ကုန်စည်ပင်ကော်မတီက ချမှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းရန် ရှိပါသဖြင့်ဟူသော ခေါင်းစဉ်ဖြင့် အဆိုပါလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများအား နိုဝင်ဘာ (၅) ရက်နေ့က အကြောင်းကြားလာပြီး နိုဝင်ဘာ (၆) ရက်နေ့ မြို့တော်ခန်းမ၏ စည်းဝေးခန်းမတွင် ညနေ (၃) နာရီ ကြွရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ကန်ထရိုက်တာတဦးက ပြောသည်။

“ကျနော်တယောက်တည်းမဟုတ်ဘူး။ လုပ်ငန်းလုပ်နေသူတွေအားလုံး။ နာရေးကူညီမှုအသင်းက ကိုကျော်သူကို ကျေးဇူးတင်တယ်။ သူပြောတာမျိုး ပြောရဲသူမရှိဘူး။ ဘယ်သူမှ အဖမ်းမခံရဲဘူး။ သူ့ကြောင့် အခု စည်ပင်က တူးခိုင်းတဲ့ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းကိစ္စရှင်းသွားတယ်” ဟု ယင်းကန်ထရိုက်တာက ပြောသည်။

အဆိုပါနေ့တွင် မြို့တော်ဝန်က တက်ရောက်လာသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို အချိန်နောက်ကျသည့်အတွက် တောင်းပန်ကြောင်း ပဏာမစကားပြောကြားခဲ့သည်ဟု အမည်မဖော်လိုသော နာမည်ကြီး ဆောက်လုပ်ရေးကန်ထရိုက်တာက ပြောသည်။

“အစတော့ လေသံက နည်းနည်းပျော့တယ်။ နောက်ပြောရင်းပြောရင်းနဲ့ ရေမြောင်းကိစ္စကို နိုင်ငံရေးပယောဂ ရောယှက်တယ်လို့ မထင်ရအောင် ပြန်ပြီး ပြင်ဆင်ထားတာကို ရှင်းပြချင်လို့ ခေါ်တာလို့ပြောတယ်။ သူက ကျော်သူတို့နဲ့ဖြစ်တဲ့ ပြဿနာကို မကျေလည်တဲ့ပုံပဲ။ စကားသံနည်းနည်း မာလာတယ်။ ဒါပေမယ့် ပြန်ပြင်တယ်ဆိုတဲ့အတွက်တော့ ၀မ်းသာတယ်။ အရင်အမိန့်ကို ပယ်ဖျက်လိုက်တဲ့ သဘောပဲခင်ဗျ” ဟု ၎င်းက ပြောသည်။

စည်ပင်ခန်းမကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းတို့ကို ရန်ကုန်စည်ပင်က အသင့်ရေးထားသော ရေမြောင်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များဟု ရေးထားသော စာရွက်ပေးဝေကြောင်း ကန်ထရိုက်လုပ်ငန်းရှင်တဦးက ပြောသည်။

“အဲဒီအချက် လေးချက်ကတော့ဗျာ၊ အဆောက်အအုံဆောက်ရင် ကိုယ့်အနီးမှာရှိတဲ့ ရေမြောင်းအရွယ်အတိုင်းပဲလုပ်ပါ။ ပြီးတော့ မြေသားမြောင်းပဲလုပ်ပါ။ လူနဲ့ယာဉ်တွေ ကူးနိုင်ဖို့ ရေမြောင်းကို ယာယီပြုလုပ်ပေးပါ။ ဌာနက စစ်ဆေးပြီးမှ သတ်မှတ်ပေအရွယ်အတိုင်း အခိုင်အမာအမြဲတမ်း ပြောင်းလုပ်ပါလို့ ပါတယ်ဗျ” ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

“(၅) ပေအကျယ် (၅) ပေအနက် လုပ်ရမယ်လို့ အမိန့်ထုတ်တော့ ပြီးခဲ့တဲ့ (၄) လလောက်ကလို့ ထင်တယ်ဗျ၊ ဘယ်သူမှ မလုပ်နိုင်ဘူး။ ဒါက လူတိုင်း စဉ်းစားလို့ရတယ်။ မဖြစ်နိုင်ဘူးဆိုတာ၊ အခုပြန်ပြီးသတ်မှတ်တာက အရင်ပုံစံအတိုင်းပါပဲ။ ဒါက ကိုကျော်သူကြောင့်ဗျ၊ ကျနော် ကျေးဇူးတင်တယ်၊ နာရေးကူညီမှုကို သွားလှူအုံးမယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြောက်ဒဂုံသို့ပြောင်းရွှေ့ခဲ့ရသည့် နာရေးကူညီမှုအသင်းသည် ခြံဝင်းရှေ့တွင် (၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးဘဲ အဆောက်အဦကို ဆောက်လုပ်အသုံးပြုခဲ့သည်ဟုဆိုကာ ခွင့်ပြုချက်မရဘဲ အဆောက်အဦ အသုံးပြုမှုဖြင့် မြောက်ဒဂုံစည်ပင်က နာရေးကူညီမှုအသင်းကို ပြီးခဲ့သည့်အောက်တိုဘာ (၂၉) တွင် တရားစွဲဆိုခဲ့သည်။

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက အခြားဘေးပတ်ဝန်းကျင်တွင် မည်သူမျှမတူးဘဲ ၎င်းတို့အသင်းရှေ့တွင်သာ ကွက်တူးပါက ရေစီးရေလာမရှိသဖြင့် မြောင်းတူးဖော်ရန်မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တရားစွဲလိုက စွဲနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းသို့ ဦးကျော်သူက ဖမ်းလိုကဖမ်း၊ တရားစွဲလိုကစွဲ မိမိတို့အသင်းသည် အခမဲ့ ဆေးကုပေး၊ အခမဲ့ နာရေးဝန်ဆောင်မှု ပေးနေသည့် အသင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ စည်ပင်က ရေမြောင်းတူးရန် ထုတ်ပြန်ထားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

“မြို့တော်ဝန်က (၅) ပေအကျယ် (၅) ပေအနက် ရေမြောင်းတူးပါလို့ ပြောတာဟာ ရေစီးရေလာအတွက်ပဲဖြစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်၊ မဖြစ်နိုင်ဘူးဆိုတာ တွေးရမယ်လေ။ သူက ရန်ကုန်တိုင်း ကြံ့ဖွံ့ဗဟိုအလုပ်အမှုဆောင် ဖြစ်တဲ့အတွက် အခု ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ကာလမှာ ဒီဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ကန်ထရိုက်တာတွေကို ဒီနည်းနဲ့ ပြန်လည်စည်းရုံးလိုက်တဲ့ သဘောလည်း သက်ရောက်သွားတယ်ဗျ။ လုပ်ငန်းရှင်တွေ အားလုံးကို သဘောမတူတာရှိလားလို့ သူကမေးတယ်။ အားလုံးက အခုပြန်လုပ်တဲ့ ရေမြောင်းစနစ်ကို ကြိုက်တယ်လို့ အော်ပြောကြတယ်” ဟု အစည်းအဝေးတက်ခဲ့သူ ကန်ထရိုက်တာတဦးက ပြောသည်။
mailဖြင့်ပေးပို့ လာသူအမ AM အားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment