ပုဗ္ဗသီရိမြို့သစ်အတွင်း နေထိုင်သူများ အနေဖြင့် မိမိတို့နေအိမ်များ၌ လမ်းဘေး ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီက တားမြစ်ထားသည်။
"ပုဗ္ဗသီရိမြို့သစ်မှာ အိမ်ဆောက်ပြီး နေထိုင်သူတွေအနေနဲ့ အိမ်ဆိုင် သဘောမျိုး ဈေးဆိုင်ဖွင့်ရောင်းချတာမျိုးကို ခွင့်မပြုပါဘူး။ ဈေးရောင်း ချင်ရင် သီးသန့်ဆောက်ပေးထားတဲ့ ဈေးကြီးမှာပဲ သွားရောင်းရမှာပါ။ လူနေရပ်ကွက် သီးသန့်အဖြစ် သတ်မှတ်တည်ဆောက်ထားတဲ့အတွက် အိမ်ဆိုင်ဖွင့်တာမျိုး၊ အိမ်မှာ စီးပွားရေးလုပ်ငန်းလုပ်တာမျိုးကို ခွင့်ပြု မထားပါဘူး"ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားသည်။
လက်ရှိတွင် ပုဗ္ဗသီရိမြို့သစ်အတွင်း လမ်းမများတစ်လျှောက်တွင် လမ်းဘေး ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ မိတ္တူကူး ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်။
နေပြည်တော် ဘူတာကြီးနှင့်အနီးဆုံး ဖြစ်သော ပုဗ္ဗသီရိမြို့သစ်တွင် ဈေးရောင်း ဈေးဝယ်ကိစ္စရပ်များအတွက် ဆိုင်ခန်းပေါင်း ၂၂၀ ပါဝင်သည့် ပုဗ္ဗသီရိ အဆင့်မြင့်ဈေးသစ်ကြီးကို ဂျီဖိုး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး မကြာမီကာလ အတွင်း ဖွင့်လှစ်သွားတော့မည်ဖြစ် သည်။
ပုဗ္ဗသီရိမြို့သစ်တွင် လုံးချင်းအိမ်ရာများ ဆောက်လုပ်ခြင်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခုမှ ကန်ထရိုက်စနစ်ဖြင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တာဝန်ယူတည် ဆောက်ပေးနေခဲ့သည်။
ပုဗ္ဗသီရိမြို့သစ်တွင် ဆောက်လုပ်ရေး ကုမ္ပဏီများမှ ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူဆောက်လုပ်ပြီးသော အိမ် အလုံးပေါင်း ၂,၄၀၀ ကျော်ရှိသွားပြီဖြစ် ပြီး ပုဗ္ဗသီရိမြို့သစ်တွင် မြေကွက်ဝယ် ယူပြီး မိမိအစီအစဉ်ဖြင့် ဆောက်လုပ် ပြီးစီးနေသောအိမ်များမှာ အလုံးပေါင်း ၁၅၀ ကျော် ရှိသွားပြီဖြစ်သည်။
နေပြည်တော်ဘူတာနှင့်အနီးဆုံးဖြစ်သော ပုဗ္ဗသီရိမြို့သစ်တွင် စုစုပေါင်း အိမ်အလုံးပေါင်း ၄,၀၀၀ ကျော် ဆောက်လုပ်သွားနိုင်ရန် မြေကွက်နေရာများကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ပေးထားသည်။
မြို့သစ် အကောင်အထည်ဖော် တည်ဆောက်ရာတွင် မြို့ကွက်ပုံစံ စနစ်တကျ တည်ဆောက်ထားပြီး နေထိုင်သူများအတွက် လမ်း၊ ရေ၊ မီး စုံလင်အောင် ဆောင်ရွက်ပေးထားကာ မကြာမီကာလအတွင်း နေပြည်တော် စည်ပင်သာယာ ရေးကော်မတီက တယ်လီဖုန်း လိုင်းများလည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"မြို့သစ်ဖြစ်တာနဲ့အညီ အစစအရာရာ မြို့ကွက်အနေအထား၊ မြို့လူနေမှုစနစ်ဖြစ်လာအောင်ဆောင်ရွက်ထားပါတယ်။ ပုဗ္ဗသီရိ မြို့သစ်မှာ လူတွေ နေချင်အောင်၊ လူတွေစည်ကားလာအောင် နေပြည်တော်စည်ပင်က စည်းကမ်းပိုင်းဆိုင်ရာ တွန်းအားပေးတာ၊ လိုအပ်ချက်အပိုင်းမှာ ပံ့ပိုးပေးတာတွေကိုဆောင်ရွက်ပေးနေပါတယ်" ဟု နေပြည်တော်စည်ပင်မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
undefined
undefined,
undefined
Posted by
Burma Campaign Japan
|


0 comments:
Post a Comment