,
|

“ ကမ္ဘာအေးဘုရားလမ်းက ကော်ဖီဆိုင် ဖျက်သိမ်းရသိမ်းရသော ဇစ်မြစ် ”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်က ရန်ကုန်မြို့တော်၊
ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်ကို မှန်များရိုက်ခွဲ ဖျက်ဆီးရန် သူ၏
လုံခြုံရေး တာဝန်ယူသူ ဗိုလ်မှူးအား စေခိုင်းခဲ့ပြီးနောက်
အဆိုပါကော်ဖီဆိုင်မှာ ယခု ပိတ်သိမ်းလိုက်ရသည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော်
ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင် မြေတွင် မကြာမီ လပိုင်းကမှ ငှားရမ်း
ဖွင့်လှစ်ထားသည့် Seven Corners ကော်ဖီဆိုင် ဖြစ်သည်။ စားသုံးသူများ
ကြိုးမဲ့ အင်တာနက် အသုံးပြုနိုင်သည့် ကော်ဖီဆိုင်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်ခန့်က ဖိုးလပြည့်က ဆိုင်ရှိ ပစ္စည်းနှင့်
မှန်များကို ရိုက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။

ထိုသို့ရိုက်ခွဲစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့သူတွေရဲ့
သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား”
ဟုပါ ပြောဆိုရန် မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု အရာရှိဟောင်း တဦးက
ပြောကြားသည်။

ထိုသို့ ရိုက်ခွဲ ဖျက်ဆီးခိုင်းသည့် ကိစ္စမဖြစ်မီ ရက်ပိုင်းအလိုတွင်
အဆိုပါ ဆိုင်သို့ ဖိုးလပြည့် ရောက်ခဲ့ပြီး ကျပ် ၅ထောင်တန် ကော်ဖီ
သောက်လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

ဝန်ထမ်းများက ဆိုင်တွင် ၃ထောင်ကျော်တန် ကော်ဖီသာ ရှိကြောင်း
ရှင်းပြခဲ့ပြီး ထို ဈေးအကြီးဆုံး ကော်ဖီကိုသာ ရောင်းချပေးခဲ့သည်ဟု
ဆိုသည်။ ဖိုးလပြည့်က ကျပ် ၅ထောင် ပေးချေပြီး ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထိုအဖြစ်အပျက် နောက်ပိုင်းတွင် ဆိုင်ကို ဖျက်ဆီးမိန့် ပေးခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ရှိမှန်များ ရိုက်ခွဲခံရပြီးနောက်တွင် ဆိုင်ပိတ်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆိုင် အဆောက်အဦးကိုပါ အမြန်
ဖျက်သိမ်းလျက်ရှိသည်ကို တွေ့ရသည်။
ဆိုင်ကို နအဖအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ
တင်အောင်မြင့်ဦး၏ သား၊ အမျိုးသားစီမံကိန်း နှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၏သား တို့
အပါအ၀င် ၅ဦး အစုစပ် ဖွင့်လှစ်ကြခြင်းဖြစ်သည်ဟု သိရသည်။

အခြား သီးခြား အတည်မပြုနိုင်သည့် သတင်း တရပ် အရ ဗိုလ်ချုပ်မှူးကြီး
မြေးဖြစ်သူနှင့် ဆက်နွယ်သည့် ကုမ္ပဏီက ကုန်ပစ္စည်း တင်သွင်းခွင့် ပါမစ်
လျှောက်ထားရာတွင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ပယ်ချသည့်အတွက်
ယခုလို လုပ်ဆောင်ရန် စေ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အဖြစ်အပျက်သည် မကြာသေးမီ နှစ်များက ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏
နာမည်ကျော် မြေးဖြစ်သူ ကျော်နေ၀င်းနှင့် အပေါင်းအပါများ ရန်ကုန်မြို့ရှိ
ကလပ်များတွင် ရမ်းကားခဲ့သည့် အဖြစ်အပျက်များကို ပြန်လည် သတိရစေပြီး၊
ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူက အဆိုပါ ကျော်နေ၀င်းတို့၏ နေရာကို
ဝင်ယူသည့် သဘော ဖြစ်နေသည်ဟု ရန်ကုန်မြို့မှ သတင်းထောက် တဦးက ဝေဖန်
ပြောဆိုသည်။

နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများ ပိုင်ဆိုင်သည့်
စီးပွားရေး လုပ်ငန်းများ ရန်ကုန်မြို့တွင်ပင် များစွာ ရှိနေသည်။
အလားတူပင် ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊
ဒုတိယဗိုလ်ချုပ်ကြီးများ၏ သားသမီးများလည်း နယ်ပယ်အသီးသီးတွင် စီးပွားရေး
လုပ်ကိုင်လျက် ရှိကြသည်ကို စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များက
သိရှိကြသည်။
J Donuts ကော်ဖီဆိုင်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး၏ မယားပါသား
ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်ပြီး၊ ရန်ကုန်မြို့ စူပါမားကက် နယ်ပယ်တွင်
အအောင်မြင်ဆုံး ဖြစ်သည့် စီးတီးမတ် အုပ်စုမှာလည်း ဗိုလ်ချုပ်မှူးကြီး၏
သားသမီးများက ရှယ်ယာ အများစုကို ပိုင်ဆိုင်သည်ဟု အမည်မဖေါ်လိုသည့်
အကောက်ခွန် ၀န်ထမ်းဟောင်း တဦးက ပြောဆိုသည်။

အဆိုပါ ၀န်ထမ်းက အခြားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ
ဇိမ်ခံပစ္စည်း၊ အစားအသောက်များ တင်သွင်းရန် ခက်ခဲချိန်တွင် စီးတီးမတ်အတွက်
ကုန်ပစ္စည်းများကို စစ်တပ် အမည်ခံထားသည့် ကုန်သေတ္တာများဖြင့်
တင်သွင်းခဲ့ပြီး မည်သည့် အကောက်ခွန်၊ ထောက်လှမ်းရေးမှ ဖွင့်ကြည့်
စစ်ဆေးရန် မ၀ံ့ရဲကြဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးရဲ့၊ စီးပွားရေးလောဘ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်မကြိုင်တို့ရဲ့မြေးဖြစ်သူ၊
ဖိုးလပြည့်(ခ)နေရွှေသွေးအောင်ဟာ၊ အဖိုး၊ အဖွား
တွေရဲ့စီးပွားရေးပိတ်ဆို့မှု၊ (ယာယီ) ဒါဏ်ခတ်ခံထားရကြောင်း၊
ဖိုးလပြည့်နဲ့နီးစပ်တဲ့၊ သူငယ်ချင်းများထံမှ၊ ကြားသိရပါတယ်။
ဒါပေမဲ့ဖိုးလပြည့်ဟာ၊ အဖိုးအဖွားတွေမသိအောင်၊ ဝန်ကြီးဌာနတွေကို၊
ဝင်ထွက်သွားလာ လေ့ရှိပြီး၊ ပုံမှန်ဝင်ငွေ (၎င်းတို့အဆို၊ မုန့်ဘိုး)
ရှာဖွေရာမှာ၊ အထူးကျွမ်းကျင်သူဖြစ်ကြောင်း၊ ဆက်လက် ပြောကြားကြပါတယ်။
အင်းယားလမ်း (ဘွဲ့နှင်းသဘင် ခန်းမဆောင် အနောက်ဖက်)ရှိ၊
ပညာရေးဝန်ကြီးဌာနပိုင် မြေနှင့် အဆောက် အဦးကို၊ ပြင်ဆင်မွန်းမံပြီး၊
ဖိုးလပြည့်ကိုယ်ပိုင် Night Club ဖွင့်ရန်၊ လျှို့ဝှက်စီစဉ်ပြင်ဆင်နေစဉ်၊
အင်တာ နက်မှာ၊ သတင်းပေါက်ကြားမှုဖြစ်ခဲ့ရာမှ၊
အဖိုးအဖွားတွေသိရှိသွားပြီး၊ တားမြစ်ခံခဲ့ရပါတယ်။

ဒါကို ဒေါသထွက်နေတဲ့၊ ဖိုးလပြည့်က၊ တခြားသူတွေရဲ့
စီးပွားရေးလုပ်ငန်းများကို၊ လိုက်လံစုံစမ်းပြီး၊ မပိတ် ပိတ်အောင်
နည်းမျိုးစုံသုံး ဆောင်ရွက်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း၊
ဆိုင်ဖျက်သိမ်းခံလိုက်ရတဲ့၊ စစ်ဗိုလ် ချုပ်တဦးရဲ့သားတဦးမှ၊
ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း (အနုပညာဦးစီးဌာနပိုင်မြေနေရာ)ပေါ်မှာ၊
ငွေကြေး အမြောက်အမြား၊ အကုန်အကျခံ တည်ဆောက်ထားတဲ့၊ ခေတ်မှီ
စားသောက်ဆိုင်တဆိုင်ကို၊ အထက်အမိန့်အရ၊ ချက်ခြင်းဖျက် သိမ်းလိုက်ရပါတယ်။
“7 Lekker” အမည်နဲ့၊ ဗိုလ်ချုပ်ကြီးတချို့နဲ့ ဝန်ကြီးတချို့ (စုစုပေါင်း
ခုနှစ်ဦး) တို့ရဲ့သားသမီးများ စုပေါင်း ဖွင့်လှစ်ထားပြီး၊
ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့သားမှ ဦးစီး လုပ်ကိုင်ဆောင်
ရွက်နေတာပါ။ ပြင်ပ စီးပွားရေး လုပ်ငန်းရှင်တချို့လည်း၊ ရှယ်ယာ
ပါဝင်ထားကြောင်း၊ သိရှိရပါတယ်။
အဆိုပါဆိုင်မှာ၊ လာရောက်စားသောက်ကြသူ အများစုကတော့၊ စစ်အာဏာရှင်
အသိုင်းအဝိုင်းနဲ့၊ သူတို့နဲ့နီး စပ်တဲ့၊ စီးပွားရေး အသိုင်းအဝိုင်းမှ
ဖြစ်ကြပါတယ်။ ဆိုင်ရှေ့မှာရပ်ထားတဲ့၊ ခေတ်ပေါ် အကောင်းစားကား ကြီးတွေဟာ၊
အားလုံးနီးပါးမှန်တွေကို၊ အမဲရောင် Sticker များကပ်ထားကြပါတယ်။
(နိုင်ငံခြားရုပ်ရှင် တွေထဲကလို၊ မာဖီးယား လူဆိုးဂိုဏ်းဝင်တွေရဲ့
ကားတွေနဲ့တူတယ်လို့၊ ပြောကြပါတယ်။) ထိုင်းနိုင်ငံမှ
စားဖိုမှူးကြီးများကို၊ ငှားရမ်း အသုံးပြုထားတာကြောင့်၊ ဈေးကြီးပေး
စားသောက်ရတာဖြစ်လို့၊ သာမာန်ပြည်သူတွေ အနားမကပ်နိုင်ပါဘူး။
ပြည်သူတွေဆင်းရဲတော့၊ သံဃာတော်တွေတောင် ဒုက္ခတွေ့နေကြရပါတယ်။

သားသမီးတွေရဲ့စီးပွားရေးကို၊ အခုလိုထိခိုက်စေတဲ့၊ အဖြစ်အပျက်တွေကြောင့်၊
ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦးနဲ့၊ စစ်ဗိုလ်ချုပ်တချို့
မကြေမနပ်ဖြစ်နေကြပါတယ်။ တပ်ချုပ်ကြီးအနေနဲ့၊ ဖိုးလပြည့်အလိုကြ၊ တဖက်သတ်
ဆုံးဖြတ်ဆောင်ရွက်နေမှုအပေါ်၊ မကြေနပ်ကြတဲ့၊ အဆိုပါ ဗိုလ်ချုပ်တချို့က၊
တိုးတိုး တိတ်တိတ် ဝေဖန်လျှက်ရှိကြောင်း၊ နေပြည်တော်
စစ်တပ်အသိုင်းအဝိုင်းမှ ကြားသိရပါတယ်။
Posted by ကိုထိုက်

0 comments:

Post a Comment