,
|

အပစ်ရပ်အဖွဲ့များအား သတိပေးချက်များ နယ်စပ်တွင်ပျံ့နှံ့လျက်ရှိ။...။


အပစ်ရပ်အဖွဲ့များအား သတိပေးချက်များ နယ်စပ်တွင်ပျံ့နှံ့လျက်ရှိ



စစ်အစိုးရတပ်များနှင့် ကိုးကန့်တပ်များအကြား သြ ၂၇ ရက်နေ့မှ သြ ၂၉ ရက်နေ့အထိတိုက်ပွဲ ကြီးများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံအခြေစိုက် အဝေးရောက်ဗမာပြည်ကွန်မြူနစ်ပါတီ ( Burma Communist Party – China) မှ တိုက်ပွဲများအပေါ် လေ့လာသုံးသပ်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၎င်းသုံးသပ်ချက်များကို စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသော အဖွဲ့များထံပေးပို့ထားကြောင်း၊ အပစ်ရပ်အဖွဲ့များအနေဖြင့် ကိုးကန့်တပ်ဖွဲ့များ၏ အားနည်းချက်များကို သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ရန်သတိပေးခြင်းဖြစ်ကြောင်း၊ သုံးသပ်ချက်များတွင် အောက်ပါအချက်များပါရှိကြောင်း တရုတ်မြန်မာနယ်စပ်ရှိ NGO အဖွဲ့တာဝန်ခံတစ်ဦးမှ ရှမ်းသတင်းဌာနတစ်ခုသို့ ပြောကြားခဲ့ပါသည်။

- လက်ရှိအပစ်ရပ်အဖွဲ့များသည် အဖွဲ့ခေါင်းဆောင်ပိုင်းသာ တိုက်ပွဲအတွေ့အကြုံရှိပြီး မျိုးဆက်သစ် ခေါင်းဆောင်ငယ်များ အတွေ့အကြုံမရှိသဖြင့် တပ်များကိုကွပ်ကဲနိုင်မှုမရှိပါ၊ အထူးသဖြင့် လက်အောက် စစ်သည်များသည် တိုက်ပွဲအတွေ့အကြုံ မရှိခြင်း၊ စနစ်တကျ စုဖွဲ့ထားသည့် တပ်ဖွဲ့မဟုတ်ခြင်းတို့ကြောင့် ကိုးကန့်ဒေသတွင် ၂ ရက်ခန့် တိုက်ပွဲများဖြစ်သည်နှင့် အောက်ခြေ စစ်သည်အများစုမှာ လက်နက်စွန့်ပြီး အရပ်သား အသွင်ထွက်ပြေးခဲ့ကြပါသည်။

- ခေါင်းဆောင်ပိုင်းသည် ကိုယ်ကျိုးစီးပွား အလွန်တောင့်တင်းပြီး လောကစည်းစိမ်များကို ခံစားနေရသူများဖြစ်သဖြင့် လက်အောက်ငယ်သားများနှင့်အတူ ရင်ဆိုင်ခြင်းမရှိပဲ ကိုယ်လွတ် ရုန်းထွက်ပြေးခဲ့သည်ကို တွေ့ရှိရပါသည်။
လက်ရှိအပစ်ရပ်အဖွဲ့ အောက်ခြေအဆင့်အများစုသည် လွန်ခဲ့သည့် နှစ်(၂ဝ) အတွင်း (ငြိမ်းချမ်းရေး ကာလအတွင်း) က အမိန့်အရစုဆောင်းထားသဖြင့် စစ်တိုက်လိုခြင်းမရှိသလို တိုက်ပွဲများ၏ ပင်ပန်းဆင်းရဲမှုကိုလည်း မခံနိုင်ပါ။
- အပစ်ရပ်အဖွဲ့အချင်းချင်း တိုက်ပွဲသံကြားလျှင် အပြန်အလှန်ကူညီရန် ကတိပြုထားသော်လည်း တစ်ကယ်တမ်း တိုက်ပွဲများဖြစ်ချိန်တွင် မိမိအဖွဲ့ကိုပါ အတိုက်မခံရအောင် ပြင်ဆင်နေခဲ့သဖြင့် အပစ်ရပ်အဖွဲ့များကြား တစ်ဦးပေါ်တစ်ဦး အပြန်အလှန်မှီခိုမှု မရှိပါ။

- စစ်အစိုးရသည် ၂ဝ၁ဝ အတွက် အသွင်ကူးပြောင်းရေးကိစ္စကို မဖြစ်မနေလုပ်ရန် လိုနေသဖြင့် သဘောထား တင်းမာနေသောအဖွဲ့များကို အချိန်တိုအတွင်း တိုက်ခိုက်ချေမှုန်း နိုင်စွမ်းရှိကြောင်း လက်တွေ့လုပ်ဆောင်ပြလိုက်ပါသည်။

အဝေးရောက်ဗမာပြည်ကွန်မြူနစ်ပါတီ ( Burma Communist Party – China) ၏ သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သြ ၃ဝ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ထားရာ '' တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် မြန်မာတို့က ပြည်တွင်းရေး ပြဿနာကို သင့်လျော်စွာဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည် '' ဟု ဖော်ပြထားသည်။
တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက '' အခုအဖွဲ့တွေထဲမှာ ကိုးကန့်အဖွဲ့က အားအနည်းဆုံးဖြစ်တယ်၊ သူတို့တွေက တရုတ်ပြည် လင်ချန်နယ်မှ လာကြသူများ ဖြစ်တယ်၊ အများစုက တရုတ်လူမျိုးတွေ၊ ခေါင်းဆောင်ပိုင်းတွေမှာ မိသားစုအလိုက် စီးပွားရေးပြိုင်ဆိုင်မှုတွေရှိတယ်၊ ဒုဥက္ကဌ ပိုင်စုံချိန်နဲ့ သဘောထားကွဲတာ စီးပွားရေးကိစ္စတွေကြောင့်လည်း ပါတယ် ''ဟု သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဥပဒေပြုဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦးက '' ကိုးကန့်နဲ့စစ်တိုက်ပြီး အခြားတိုင်းရင်းသား တပ်ဖွဲ့တွေကို ခြိမ်းခြောက်တဲ့သဘောပဲ။ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်မဖွဲ့ရင် စစ်ရေးအရ တိုက်ခိုက်နှိမ်နင်းခံရမယ်ဆိုတာကို ဥပမာပေးလုပ်ဆောင်တယ် လို့ယူဆပါတယ် '' ဟု ထင်မြင်ချက်ပေးပါသည်။

မဲဆောက်မှ မြန်မာ့အရေးလေ့လာနေသူ ဦးအောင်နိုင်ဦးမှ '' မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေမှုတွေ၊ မိသားစု အနွယ်ဝင်တွေကြားမှာ အာဏာချုပ်ကိုင်ထားမှုတွေ၊ စီးပွားရေးပြိုင်ဆိုင်မှုတွေ အဲဒါတွေက ကိုးကန့်အဖွဲ့ရဲ့ အားနည်းချက်ဖြစ်တယ်၊ ကိုးကန့်အဖွဲ့ကိုရှင်းပစ်လိုက်နိုင်ရင် အခြားအဖွဲ့တွေဖြစ်တဲ့ ''ဝ'' ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA လိုအဖွဲ့မျိုးကို အင်အားချိနဲ့သွားအောင် လုပ်နိုင်တယ် ဆိုတာ စစ်အစိုးရကသိလို့ လုပ်တာဖြစ်မယ်'' ဟု ပြောကြားပါသည်။

စက်တင်ဘာလ ၁ ရက်နေ့ တရုတ်-မြန်မာနယ်စပ်မှ သတင်းများအရ ကိုးကန့်နယ်မြေ တစ်ခုလုံးကို စစ်အစိုးရတပ်များမှ ထိန်းချုပ်ထားပြီး ပိုင်စုံချိန်က ကိုးကန့်တပ်ဖွဲ့များကို အုပ်ချုပ်ထားကြောင်း၊ စစ်အစိုးရသည် ကိုးကန့်နှင့်ဖြစ်ပွားသည့် တိုက်ပွဲများကို မူးယစ်ရာဇာနှင့် လက်နက်မှောင်ခိုသမားများအား ဖြိုခွင်းသည့် ဒုစရိုက်နှိမ်နင်းရေး ပြဿနာအဖြစ် ပုံဖော်နေကြောင်း သတင်းများ ရရှိသည်။

0 comments:

Post a Comment