,
|

မှော်ကသိုဏ်း

သုအိုင်စံ
၁၁.၀၉.၂၀၀၉

အစိုးရတပ်တွေက
ငါတို့ သူပုန်တပ်တွေကို တွန်းထုတ်လိုက်တဲ့အခါ
ငါတို့ အငတ်ခံပြီး တည်ဆောက်ထားတဲ့ အသစ်စက်စက် စာသင်ကျောင်းလေးဟာ
မိဘမဲ့ခလေး တစ်ယောက်လို တဆတ်ဆတ်တုန်ခါ ကျန်ခဲ့လေရဲ့
အမြော်အမြင်ရှိတဲ့ ရန်သူ့ တပ်မှူးဟာ
အဲဒီကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်
ရွာရဲ့ခလေးငယ်တွေကို စာသင်ခွင့်ပေးနိုင်ခဲ့တယ်
(အလံဖြူထောင်လာရင် မပစ်ရ
အရေးပေါ်လူနာတင်ယာဉ် မဖျက်ဆီးရ
လူကြီးလူကောင်းတွေရဲ့ အားပြိုင်ပွဲမှာ သတ်မှတ်ချက်တွေရှိတယ်)
လူ့ ဦးနှောက်ဟာ

နယူးကလီးယားဗုံးကို ဖောက်ခွဲဖို့ အထိ မမိုက်မဲသေးဘူး
ငြိမ်းချမ်းရေးကို လက်မှတ်ထိုးဖို့ လည်း စာမတတ်သေးဘူး
မရင့်သေးသော အရူးရောဂါမှာ မျော်လင့်ချက်တွေဟာ ကမ္ဘာတွေအထပ်လိုက် ဘ၀တွေအထပ်လိုက်

သတိရ ရပါသော ပင်လယ်ရွာငယ်လေးရေ…
အခုလောက်ဆို…မင်းရင်ခွင်ထဲက ခလေးငယ်တွေ
အလယ်တန်းတွေ..ဆယ်တန်းတွေ.. အောင်နေလောက်ရောပေါ့
ငါတို့ မှာတော့ ယုံကြည်ချက်အတွက် ပုဂ္ဂလအတ္တတွေ ဆယ်စုနှစ်စီပဲ့ကြွေလို့ 
ငါတို့ ရဲ့ ပရဟိတ နေရောင်အောက် အနာဂတ်ဟာ တောက်ပြောင်လာစေရမယ်

စာကြိုးစားပါ ရွာငယ်လေးရေ…
ခေတ်ကို အလွှတ်ရအောင်ကျက်
ဦးနှောက်ကို ရာစုသစ်လို အမောက်ထောင်ဖွင့်ကားထား
ဒီတိုင်းပြည်မှာ
အရင် နှစ် ၆၀ စာ ဆိုးဝါးမှားမိုက်ခဲ့တဲ့ မတိုးတက်မှုတွေအတွက်
နောက်ထပ် အနှစ် ၆၀ ကြိုးစားအားစိုက်ရမဲ့ မျိုးဆက်ထုရဲ့တာဝန်တွေနဲ့ 
ဆွဲယူဖဲ့ထုတ်လွှင့်ပစ်လိုက်လို့ မရတဲ့ နှလုံးသားဟာ မင်းရဲ့ မြန်မာပြည်။

ရွှေတိဂုံဘုရားပေါ်က ဆွမ်းတော်တင်ထားတဲ့ ဒုက္ခတရားတွေကို
ဆွမ်းတော်တင်သူဟာ ပြန်စွန့် စားနေရတဲ့ ဘ၀နဲ့ မြို့ကြီးရေ…

စိတ်စစ် ရုပ်မှန်မှာ သဒ္ဒါပေါက် အမျှဝေ ချင်သလောက်
အတိတ် ပစ္စုပ္ပုန်မှာ အာဏာအောက် ရပ် သေ နေတဲ့ လူထုကို လမ်းပြပါ။

ဒုက္ခက ကျားမာန်နဲ့ ခုန်ဆင်းလာတဲ့ လေယာဉ်ပေါ်ကဗုံးလို ကျလာတယ်
လူက သိပ်တော်တယ်
လေယာဉ်ပစ် လက်နက်ဆီ ပြေးပြီး နဲ့ အပီအပြင် ပစ်ချတယ်
လောကအဓိပ္ပါယ်ဆိုတာ
အဲဒီမှာ ထိမှန်တယ် မထိမှန်ဘူး
သေနတ်က ဂျမ်းဖြစ်တယ် မဖြစ်ဘူး
ဗုံးတွေက ကွဲတယ် မကွဲဘူး
သေနတ်သမားက သတ္တိမဲ့တယ် မမဲ့ဘူး
ကောင်းကင်ကြီးကတော့ မြေပြင်လို ဟား ဟား ဟားနဲ့  ဟားတိုက်ရယ်လို့ ။

ခြင်ကိုက်ခံထားရတဲ့အလင်းမှာ
ခြင်ကိုရိုက်မလား အလင်းကိုပိတ်မလား
မင်းတို့ အားလုံးရဲ့ စိတ်အားလုံး ပြတ်သားဖို့ လိုနေပြီ ဟေ့ကောင်။

ရိုးသား ငေးဆွ ထုံအ ကြောက်ရွံ့ နေတဲ့ ကျင့်စဉ်နဲ့ တော့
အမျိုးသားရေး ဂုဏ်ဒြပ် မြောက်တဲ့ လူ့ ဖြစ်စဉ်ကိုရလိုက်မှာမဟုတ်ဘူး
တိုက်ထုတ်ပစ်ရမယ်
တိုက်။

သုအိုင်စံ

0 comments:

Post a Comment