မူတူးဆာမိစံ
မြန်မာတွေလွတ်လပ်ရေးရပြီးတစ်ပြည်လုံးပျော်ကြသည်။ ကျွန်တော်တို့လည်း ပျော်ကြသည်။ လွတ်လပ်ရေးရဲ့အရသာကို ခံစားလိုက်ကြမဟဲ့ ဆိုပြီး ပျော်တပြုံးပြုံး မော်မဆုံးရှိကြသည်။ ကိုယ်တိုင်း ကိုယ့်ပြည်မှာ ကိုယ်သာလျှင် အရှင်သခင်ဖြစ်ရမှာ ဘယ်သူမပျော် ရှိလိမ့်မတုံး ။ လွတ်လပ်ရေး ရခါစ မြန်မာတွေ လွတ်လပ်ရေးအရသာ ကို ဘယ်လိုခံစားရမှန်း အစရှာမရ ဖြစ်ခဲ့သည်။ လမ်းပေါ်ပဲ အ၀တ်ထွက်လှမ်းရမလာါး် ငရုတ်သီးခြောက်ပဲ လှမ်းရမလား ၊ သီချင်းတကြော်ကြော် အော်ဆိုရမလား ။ လွတ်လပ်တယ်ဆိုတာ ကျွန်ဘ၀ က ရုန်းထွက် လာတာ ၊ သူ့ကျွန်ဘ၀ က အရှင်သခင်ဘ၀ ရောက်လာတာ ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ်သာအရှင်သခင် ၊ ခုတော့ ကိုယ်က သခင်ပေါ့ ။ ဒါဖြင့် ကျွန်က ဘယ်မှာလဲ ၊ သူ့ကျွန်ဘ၀တုန်းက ခေါ်လိုက်ရတဲ့ ' အရှင်ကြီး ၊ သခင်ကြီး ၊ မင်းကြီး " ထူးလိုက်ရတဲ့ " ဟုတ်ပါ့ဘုရား ၊ မှန်ပါ့ဘုရား "
အဖေတို့လည်း လွတ်လပ်ရေးအတွက် အတော်ရုန်းကန်လိုက်ရသည်။ ဂျပန်ခေတ်တစ်လျှောက် ' ခုတစ်ခါ ၊ နောက်တခါ' နဲ့ ပါးရိုက်ခံရတာ လည်း အကြိမ်ပေါင်းမနည်း ။ အင်္ဂလိပ်လက်ထက်တွင်လည်း ' သခင်ပေါက်စ ထောင်ခြောက်လ ' ဆိုတာနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။ အခုတော့ လွတ်လပ်ရေးရပြီ ။ အဖေလည်း အင်္ဂလိပ်ပေးတဲ့ ၀န်ထောက်တန်း ရာထူးရပြီ။ ဘင်္ဂလား က ခေါ်လာတဲ့ ကုလားတွေ မြန်မာပြည်မှာ ကျွန်သက်ရှည်နေကြသည်။ အဖေ့ကို ၀န်ထောက်မင်း ၊ အမေ့ကို ၀န်ထောက်ကတော် ။ အဖေရော ၊ အမေရော အရင်ကတော့ ရိုးလိုက် အ လိုက်ကြတာ ။ ဟော .. ခုတော့ ၀န်ထောက်ရာထူးရပြီ ' ၀န်ထောက်မင်း ၊ ၀န်ထောက်မင်း နဲ့ တမင်းတည်း မင်းနေကြတော့ '
အဖေရော ၊ အမေရော စိတ်ကြီးတွေဝင်ပြီး မျက်စိတောင် မဖွင့်ကြတော့ ။ အဘိုးအဘွား တွေဆိုတာလည်း အဖေ့ဘက်ကလည်း အဖေ့ဘက်မို့ သူတို့ သားလေးကို အခုလိုဖြစ်လာအောင် ၊ တော်လာအောင် ဘယ်လို ကျွေးမွေးခဲ့ရကြောင်း ၊ သူတို့ သားလေးမှာ ငယ်ငယ်ကတည်း က တောက်မည့်မီးခဲ့ တရဲရဲ ဆိုတာလို ဘယ်လိုတော်ကြောင်း စသည်ဖြင့် ။ အမေ့ဘက်ကလည်း သူတို့သမီးလေးမှာမွေးလာကတည်းက မွေးထူးနေခြား ရှိပုံ ၊ လိမ္မာပုံ ၊ အနေအထိုင်က အစ မိန်းမပီသပြီး ပိရိပုံ ၊ ပုဏ္ဏားကပင် ကြိုတင် ဟောကိန်းထုတ် ထားပုံ ။ ဘာတဲ့ .. . ကတော်ဆယ်ပါး တစ်ပါးဖြစ်ရမယ် တဲ့ ။ အနည်းဆုံးတော့ ၀န်ထောက်ကန်တော်ဆိုတာ အောက်တန်းတဲ့။
" ဟဲ့… မတင် .. ကျွန်ကုလား .. မယား …."
" တော် … တော်ပါပြီ .. ၀န်ထောက်မင်းရယ် ။ ကျွန်ကုလား "ဆို လုံလောက်ပါပြီး ' မယားတောသူ' ဆိုတာကြီးထည့်မပြောပါနဲ့နေတော့ "
အမေက သူတော်သူဆိုတာ လူသိမှာ သိပ်ကြောက်တာ ။ အဖေက တ ဟဲ ဟဲ ရယ်ရင်း …..
" ကဲပါဗျာ ၊ စကား က ကာရန်အတိုင်း လိုက်သွားမိလို့ပါ .. ဟဲ .. ဟဲ.."
"ဒါနဲ့ ရှင့် ကျွန်ကုလား က ဘယ်တော့ ရမှာလဲ"
"တစ်ရက်နှစ်ရက်ကြာ ရောက်လာမှာပါ ။ တစ်ကောင်တည်းမဟုတ်ဘူး ။ နှစ်ကောင်ဗျ"
"လခ .. အဖိုးစားနားကောပေးရဦးမှာလား"
"အိုကွာ .. ၀န်ကတော်ကလည်း … ကျွန်ပါဆိုမှ"
"ကောင်းပါလေ့တော် ၊ ကောင်းပါလေ့"
"မူတူး"
"ဆပ်"
"ဆာမိ"
"မန်..ဆပ်"
ဘင်္ဂလားက ကုလားညီနောင် အိမ်ရောက်လာသည်။ အကြီးက မူတူး ၊ အငယ်က ဆာမိ ။ မျက်လုံးနဲ့သွားကလွဲရင် တစ်ကိုယ်လုံး မီးသွေးတုံး ။ ကျွန်တော်နဲ့ရွယ်တူတွေ။ အဖေခေါ်ရင် ဆပ် တဲ့ ၊ အမေ က ခေါ်ရင် ' မန် … ဆပ်' တဲ့။ အရိုအသေပေးတဲ့စကားလုံးတွေ ၊ ခါးကလေး ကုန်းကုန်းပြီး တဆပ်တည်း ဆပ်နေလိုက်ကြတာ ။ ဘယ်တော့ကြည့်ကြည့် အင်္ကျီမရှိ။ လန်ကွတ်တိ ခေါ်တဲ့ ပိတ်ဖြူစလေး မလုံတလုံပတ်ထားတာ ။ သူတို့ကို ကြည့်ကြည့်ပြီး ကျွန်တော်ရယ်မိသည်။ သူတို့မျက်နှာကို ကြည့်လိုက်တိုင်း သွားအဖွေးသားဖြင့် တပြုံးပြုံး။
"မင်းက ၀န်ထောက်သား ၊ ကျွန်နဲ့မကစားနဲ့ တဲ့" ။ ကျွန်တော်က လည်း မျောက်ရှုံးအောင် ဆော့တာ ၊ တစ်အိမ်တည်းနေပြီး မကစားရတော့ အတော်စိတ်ညစ်သွားတယ်။ မူတူးနဲ့ဆာမိမှာ မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက တစ်ချက်ကလေးမျှ မအားရရှာကြ။ အားလို့တောင်မကုပ်နိုငကြ။ မူတူးက အဖေ့ကျွန် ၊ ဆာမိက အမေ့ကျွန် ။ အဖေ့ဝေယျာဝစ္စအားလုံး ဖိနပ်တိုက် တာကအစ ရုံးသွားသည်အထိ မူတူးတာဝန် ။ အမေ ဈေးဝယ်သွားတဲ့ အခါ ဆွဲခြင်းကိုင် ၊ ရေခပ် ၊ သနခါးသွေး ၊ တံမြက်စည်းလှည်း ၊ အောက်ခြေသိမ်း အားလုံး သိမ်းကြုံးလုပ်ရတာက ဆာမိ ။ ကျွန်တော်တို့ သားသမီးတွေ အားလုံးအတွက် ကတော့ နှစ်ဦးစလုံး ဘုံကျွန် ၊ ပန်းကန်တွေပြောင်အောင် တိုက်သည် ။ ခိုင်း သမျှ မညည်းမညူ ၊ ထဆိုတဲ့ အချိန်ထပြီး ၊ အိပ်ဆိုတဲ့ အချိန် မှ အိပ်ကြသည်။ ရေချိုးချင်ရင် ချောင်းထဲ ခုန်ဆင်းပြီး ပြန်တက်လာရုံနှင့်ပြီးသည်။ ညဖက် ခြင်ထောင် မရှိ ၊ ပူတာမရှိ ၊ အေးတာမရှိ ၊ ခြင်ကိုက်တာမသိ ။ ကျွန်တော်တို့ကြောင့် ပန်းကန်ခွက်ယောက် တစ်ခုခု ကွဲလျှင် မူတူး ၊ ဆာမိ တစ်လှည့်စီ အဆော်ခံကြရသည်။ကျွန်တော်တို့ က ကြုံတဲ့ အကောင်ရဲ့ နာမည်ကို အော်လိုက်ရုံနဲ့ လုံလောက်သွားတာ။ မူတူးနဲ့ ဆာမိတို့ နှစ်ယောက် က ဘယ်တော့မှ တရားခံ မချ ။ခေါင်းငုံ့ပြီး အရိုက်ခံသွားတာချည်းပဲ။
ကျွန်တော်တို့ စားပြီးသမျှ အကြွင်း အကျန်တွေကို ဇလုံ အကြီး တစ်လုံး ထဲထည့်ပြီး အဲဒီ ထမင်း ကျန် ဟင်းကျန်တွေ ကို အမေ က ကျွေးတာ ။ ဘာကျွေးကျွေး တပြုံးပြုံးပဲ ။ အဲ.. သူတို့ ရဲ့ မပါမဖြစ်တဲ့ ပွဲတော် ဟင်းလျာကတော့ 'ငရုတ်သိးစိမ်းနဲ့ ဆား'။ ငရုတ်သီးစိမ်းလေး ကိုက်လိုက် ၊ ဆားကလေး ကို လက်ညှိုးကလေးနဲ့ကော်ပြီး စုပ်လိုက်နဲ့ အားရပါးရ စားကြသည်။ ပျော်ပျော်ကြီးစားကြသည် ။ အဟာရ က လည်း ဘာဖြစ်သလဲ မမေးနဲ့ ။ တစ်ကြိမ်တောင် ကျောပူ ခေါင်းပူ မထခဲ့ကြ။ ဖျားနာဖို့တော့ ဝေလာဝေး ။
ကျွန်တော်တို့ ဒီလိုနဲ့ မူတူး နဲ့ ဆာမိ ကို ခိုင်းလာ ခဲ့တာ နှစ်တွေပင် အတော် ကြာညောင်း ခဲ့ပြီ။ ကျွန်တော်ပင် လူပျိုပေါက်ဖြစ်လာသည်။ သူတို့နှစ်ယောက်စလုံး အရွယ်တွေသာ ကြီးလာသည်။ ဘာတစ်ခုမှပြောင်းလဲမှု မရှိ ။ မြန်မာစကား ကောင်း ကောင်း ပြောတတ်လာသည်။ တစ်နေ့တစ်နေ့ တမာရိုးနှင့် တိုက် ထားသော သူတို့ သွားလေးတွေမှာ ညီညာဖြူဖွေးနေသည်။ အဖေနှင့် အမေ့ကိုလည်း ချစ်ကြသည် ။ ကျွန်တော်တို့ကိုလည်း ချစ်လည်းချစ် ၊ စေတနာလည်း ရှိကြသည်။ သူတို့ ညီကိုတွေ တစ်ခါမျှ ရန်မဖြစ်ကြ။
တစ်နေ့ အဖေက အမေ့ကို
"မတင် … ငါ ဆာမိတို့ ညီအစ်ကို ကို လခ နည်းနည်း ပေးချင်တယ်ကွာ"
"တော် .. က ဘယ်လောက်ပေးမှာလည်း ဒီမှာလည်း ကလေးတွေက တပြုံကြီးနော်"
"တစ်ယောက်ကို တစ်လ ဆယ့်ငါးကျပ်စီလောက် ပေးချင်တယ် ။ သူတို့လည်း ခုထိ ကိုယ်တို့ အလကား ခိုင်းလာတာ ကြာပြီပဲ ။ ဘင်္ဂလား က သူတို့မိဘတွေဆီလည်း ပို့ချင်မှာပေါ့ကွာ"
အမေက မလွှဲသာမရှောင်သာ သဘောတူသည်။ မူတူး ဆာမိတို့ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ငွေစုလိုက် ၊ မိဘတွေဆီ ပို့လိုက်ဖြင့် ပျော်နေကြသည်။ ကျွန်တော် ကျောင်းပိတ်တဲ့တစ်နေ့ ဆာမိကိုခေါ်ပြီး
"ဟေ့ .. ဆာမိ.. မင်း ငါတို့နဲ့ နေရတာပျော်ရဲ့လားကွ"
"ပျော်တယ် ဆပ်"
"မင်း.. ဘင်္ဂလားက အမျိုးတွေ ၊ မိဘတွေကို မလွမ်းဘူးလားကွ"
"မလွမ်းဘူး ဆပ်"
"ဟ .. ဆာမိ ရ မိဘ ကိုတော့လွမ်းမှာပေါ့ကွ"
"မလွမ်းပါဘူး ဆပ်"
"ဒါဖြင့် မင်းတို့ ဘင်္ဂလား ရောမပြန်ချင်ဘူးလား"
"မပြန်ချင်ဘူး ဆပ်"
"ဘာဖြစ်လို့ လဲ ကွ"
"ဘင်္ဂလားကို ပြန်တယ်နော် .. ဆာမိနဲ့ မူတူးကို ထမင်းကျွေးဖို့ ပါးပါး ၊ မားမား အားကြီး စိတ်ညစ်မယ် .. ဆပ် ။ စိတ်ညစ်စရာပေးတယ်နော်… မဂန်းဘူး ဆပ် "
"မင်းတို့ ဘင်္ဂလားကို ငွေဘယ်လောက်ပို့သလဲ"
"ငါတို့လခ အားလုံးနော် ပို့တာပဲ"
"မင်းတို့ ကို တို့ အဖေနဲ့ အမေ ဆူတာ စိတ်မညစ်ဘူးလား"
"အားဖေ .. အားမေ .. ဆူတယ် .. ကိစ္စမရှိဘူး"
"ပါးစပ်နဲ့ဆူတယ်နော် .. လေထဲမှာပဲ ပါသွားတယ် ။ ဆာမိတို့နော် ဘာမှမဖြစ်ဘူး"
"မင်းတို့ ဘင်္ဂလားကို ဘယ်တော့ပြန်မလဲ"
"ဆာမိတို့နော် .. အကိုတို့ဆီမှာ ပျော်တယ် .. ဆပ်"
ခေတ်တွေလည်းပြောင်းခဲ့ပြီ ။ ကျွန်တော်ပင်လျှင် တက္ကသိုလ်တစ်ခုက ဘွဲ့ရခဲ့ပြိ။ မူတူး နဲ့ ဆာမိတို့ ဘင်္ဂလား ပြန်သွားကြတာ ကြာခဲ့ပြီ။ ကျွန်တော်တို့ အိမ်မှာ လည်း အရင်ကလို ကျွန်ကုလား မရှိတော့ ။ တောက ခေါ်ထားသော အိမ်ဖော်မလေးပဲ ရှိသည်။ အဖေတောင် ၀န်ထောက် တစ်ဖြစ်လည်း ညွှန်ကြားရေးမှုးဘ၀ ရောက်လာသည်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမများ အပြိုင်း အရိုင်း ကြီးလာကြသည်။ တက္ကသိုလ်ကျောင်းသား ၊ အထက်တန်းကောင်းသား များ ချည်း ဖြစ်၍ အမေမှာ အတော်ပင် ရင်ပူနေရှာသည် ။ အဖေ့လခ ထောင်ကျော်ပါသည် ။ သို့သော် သားသမီးငါးယောက် မိသားစုအတွက် အတော်ဟန်လုပ် စား နေရသည်။ ဒီကြားထဲ အဖေက မကြာခင် အငြိမ်းစား ယူတော့မည်။ ခုထိ ကိုယ်ပိုင်အိမ်ရာ က မရှိသေး။ အမေ့မှာလည်း ၀န်ထောက်ကတော် တုန်းက စရိုက်ကလေးတွေက မပျောက်နိုင်။ ကောင်းပေ့ ညွှန့်ပေ့ ဆိုတာကိုမှ စား ချင် ၀တ်ချင်တာ။ ဒီတစ်အုပ်တစ်မ ကြီးနဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် ရင်မအေးနိုင်ကြ။ အဖေရော ၊ အမေရောသိလျှက်နဲ့ ဘာမှ မတတ်နိုင်၍ ရှေ့ရေးကို မတွေးဘဲ မေ့ထားကြဟန်တူသည်။ ရင်ထဲမအေးနိုင်သူက အစ်ကိုကြီးဖြစ်တဲ့ ကျွန်တော်။ မိဘတွေ အိုမင်းမစွမ်းရောက်လာချိန်မှာ ကိုယ်ကတစ်လှည့်ပြန်လုပ်ကျွေးဖို့ အချိန်တန်လာခဲ့ပြီ။
"ကျွန်တော်တို့ အဖေနဲ့အမေကို တစ်လှည့်ရှာကျွေးကြမယ် .. အဖေ
"ရပါတယ်သားရယ် ၊ ဖေဖေ တတ်နိုင်သလောက်တော့ သားတို့ မျက်နှာမငယ်စေရပါဘူး"
"မျက်နှာငယ်တာ ၊ အောက်ကျတာ အရေးမကြီးပါဘူး အဖေရယ် ကျွန်တော်တို့ တလှည့် ပြန်ကျေးဇူးဆပ်ပါ့မယ်"....
"ဒီနေ့တော့ ရေရေလည်လည် ပြဲတာပဲကွာ"
ကျွန်တော်သည် အထပ်လိုက် အထပ်လိုက် အဆက်မပြတ်ရောက်လာသော ပန်းကန်ပုံကြီးကို ကြည့်ပြီး ညည်းတွားခြင်းဖြစ်ပါသည်။ ပန်းကန်တွေကို ရေနွေးကန်ထဲ ဆပ်ပြာရေဖြင့် ဆေးပြီး ရေအေးကန်ထဲ အချော တစ်ခါဆေး ၊ ရေစစ်ပြီးသော ပန်းကန်တွေ ၊ ဖန်ခွက်တွေ ဇွန်းခရင်းတွေကို အ၀တ်နှင့်သုတ်ရင်း အလုပ်ရှုပ်လျှက်ရှိပါသည်။ ဒီနေ့က သောကြာနေ့၊ ကိုရွှေဂျပန် တို့ရဲ့ အလုပ်နောက်ဆုံးရက် ၊ စနေ ၊ တနင်္ဂနွေ ရုံးပိတ်လိုက်တာ ကြောင့် သောကြာနေ့ဟာ သူတို့ အသေအလဲပျော်တဲ့နေ့ ။ ရုံးကပြန်တာနဲ့ ပျော်ပွဲစားရုံတွေ ၊ စားသောက်ဆိုင်တွေမှာ စားသောက်ပျော်ပါးကြသည်။
ကျွန်တော်တို့ အလုပ်လုပ်သောဆိုင်မှာ တိုကျိုမြို့ရဲ့ အစည်ကားဆုံး ဂင်ဇာရပ်ကွက်ရှိ နာမည်ကြီးစားသောက်ဆိုင် ။ ယနေ့လိုညမျိုးတွင် ညဆိုင်း ၀င်ရသော ကျွန်တော်တို့ အလုပ်သမားများ တစ်ချက်ကလေးမျှမနားရအောင် အလုပ်များသောညဖြစ်ပါတယ်။ ဂျပန်မှာ မြန်မာတွေ အလုပ်ပင်ပန်းတာကို 'ပြဲ'တယ် လို့ တင်စားကြတယ်။ ကျွန်တော်နှင့် ကျွန်တော့် ညီမှာ တစ်ဆိုင်တည်းတွင် အလုပ်ချိန်ကလည်း တစ်ချိန်တည်း။ ကျွန်တော်တို့ ကံကောင်းသည်။ ကျွန်တော်က ဂျပန်စကားမတတ်၊ စာမတတ် ။ ကျွန်တော့် ညီက စာလည်းတတ် ၊ စကားလည်းတတ် ။ ခန်းကြီး စာလုံးပင် တော်တော် ရေးနိုင်၍ တော်တော် အလုပ်ဖြစ်သည်။ ကျွန်တော်က မြန်မာပြည်က သိပ္ပံဘွဲ့ရထားတာ ။ ကျွန်တော့်ညီက ဆယ်တန်း တဖုန်းဖုန်းကျထား၍ ကျောင်းထွက်ထားတာ။ အဲ.. ဒီမှာတော့ သူက ဂျပန်လို့ 'ဟောလူ' လို့ခေါ်တဲ့ စားပွဲထိုး ၊တစ်နာရီ ယန်း ထောင့်နှစ်ရာစား ၊ ကျွန်တော်က ပန်းကန်ဆေး၊ တစ်နာရီ ယန်း ရှစ်ရာစား ။ သူက ရှေ့ထွက်၊ ကျွန်တော်က နောက်ပိုင်း။ ရှေ့ထွက်တဲ့သူက စားပွဲထိုးဝတ်စုံ အကောင်းစားနဲ့ ၊ နောက်ပိုင်းက ကျွန်တော်က ပိတ်ဖြူဝတ်စုံ၊ ဦးထုပ်ရှည်အဖြူနဲ့ ၊ တော်တော်တေတာ့ ရယ်စရာကောင်းတယ်။ သူကတော့ ရှေ့ဘက်မှာကျော့လို့၊ ကျွန်တော်ကတော့ မီးဖိုထဲမှာ ပျော့လို့။ တစ်ခါတစ်ခါ ကျွန်တော်စဉ်းစားပြီး ဟက်ဟက် ပက်ပက် ရယ်မိတယ်။ သြော် … ကောသလမင်းက စောစောအိပ်ရာကလန့်နိုးသွားလို့ တော်သေးရဲ့ ။ ဆက်များမက်နေရင်တော့ … ။
အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ရထားပေါ်လိုက်ခဲ့ရသောကျွန်တော် မှာ ဘူတာစဉ်ကြေညာသံကလေးကို နားထောင်ရင်း လုပ်ငန်းခွင်သို့ နေ့စဉ်လာရပါသည်။ တစ်နေ့တစ်နေ့ အိပ်ချိန် လေးငါးနာရီရဖို့ အတော်ပင်ကြိုးစားနေရသည်။နှိုးစက်သံရဲ့ အမိန့်ကို နာခံရင်း အိပ်ရာထရသည်။ စက်ရုပ်လိုလှုပ်ရှားမှအားလုံး အံဝင်ခွင်ကျသည်။ စိတ်လွတ်ကိုယ်လွတ် ဘာမှမလုပ်နိုင် ၊ မနေနိုင်။ စိတ်နဲ့ ရုပ်ကို အမြဲကပ်ပြီး ထားနိုင်မှ တစ်နေ့တာလုပ်ငန်းခွင်ချောမွေ့သည်။ ဆိုင်ကျွေးတဲ့ ဂျပန်ထမင်းမှာ ကြာတော့ အန်ချင်လာသည်။ ရေလုံပြုတ် ၊ အကင် ၊ အဖုတ် ၊ အသုပ် ၊ သား စိမ်း ။ ငါးစိမ်း ။ ကျွန်တော်တို့ ပါးစပ်နဲ့ ဘယ်လိုမှမဟပ်။ ငါးပိနဲ့တို့စရာ ကလေးသာလွေးလိုက်ရပါက မြိန်လိုက်မည့်ဖြစ်ခြင်း ။ ကျွန်တော်တို့ မှာ ဂျပန်ကျွေးသောထမင်းကို မြိန်ရေရှက်ရေ မစားနိုင်ခဲ့ပါ။ မဲ့ရွဲ့ကာဖြင့် ပါးစပ်မှ အမျိုးမျိုးဝေဖန်ရင်း ကြိတ်မှိတ်စားခဲ့ကြရသည်။ တစ်ခါတစ်ရံ ကျွန်တော် ဆာမိနှင့် မူတူးတို့ ညီအစ်ကိုကို သွားသတိရမိသည်။ ကျွန်တော့် အမေကျွေးသော ဟင်းကျန်ထမင်းကျန် များကို တပြုံးပြုံးဖြင့်စားရင်း ရတဲ့ဝင်ငွေကလေးကို တစ်ပြားမကျန် ဘင်္ဂလားက အဖေ အမေတွေဆီကို ငွေပို့ပေးခဲ့ကြတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတယ်။ သူတို့စားနေကျ ဆားနဲ့ ငရုတ်သီးတောင့်ကလေး။
"ကိုကြီးတစ်ယောက် ဘာပေါက်နေတာလဲ ဟိုမှာ အားလုံးဝိုင်းကြည့်နေကြတယ် ။ ရှက်စရာကြိး .. ဟီး .. ဟီး"
ကျွန်တော်ချက်ချင်းမျက်နှာပိုးသတ်လိုက်ရသည်။ ထမင်းစားချိန်တစ်နာရီ နားကြရသည်။ ထမင်းကို အားရပါးရ အရသာခံမစားနိုင်၊ တ၀န်လိုစားနေရသည်။ တစ်နေ့တစ်နေ့ အချိန်ဟာငွေ ( Time is Money ) ဆိုသော အသိနဲ့နာရီလက်တံလိုလည်နေရသည်။ မျက်စိထဲမှာ နေ့စဉ်နှင့်အမျှ ဒေါ်လာတွေ ၊ ယန်းတွေ ပဲ မြင်နေသည်။ အိပ်လည်း ဒီစိတ် ၊ စားလည်းဒီစိတ် ၊ မြန်မာပြည် အဖေ နဲ့ အမေ ရဲ့မျက်နှာ ၊ ညီအစ်ကိုမောင်နှမတွေရဲ့မျက်နှာ ကတ၀ဲလည်လည်။ အသက်အရွယ်ကြီးနေတဲ့ မိဘတွေ ဒုက္ခမရောက်စေချင်။ ကျွန်တော်တို့ ဒီမှာ ကုန်းရုန်းပြီး ရှာတဲ့ငွေနဲ့ မိဘများရဲ့ကျေးဇူးဆပ်နေနိုင်တာကိုပဲ တအား။ ကျွန်တော်တို့ အမေ ပေးတဲ့မဖြစ်စလောက်ငွေကလေးကို စုစုပြီးဘင်္ဂလားရှိ မိဘတွေဆီပို့တဲ့ သူတို့ ညီအစ်ကို နှစ်ယောက် နဲ့ အခု ဂျပန်ရောက်နေတဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်အကြောင်း… ။
"ကိုကြီး .. မန်နေဂျာ ခေါ်နေတယ်"
ကျွန်တော်အတွေးကောင်းနေစဉ် မန်နေဂျာခေါ်နေကြောင်း ကျွန်တော့်ညီလာပြောသည်။ ဂျပန်ရောက်မှ ကျွန်တော်တတ်ထားသော ပညာဆိုတာ ဘွဲ့နဲ့ပတ်သက်တာတွေ အသာခေါက်ထားရသည်။ တစ်နေ့တစ်နေ့ တဟိုက်တည်းဟိုက် နေရသည်။ ခါးကလေးတကုန်းကုန်းဖြင့် ပြုံးပြုံးပြပြီး တဟိုက်တည်း ဟိုက်နေရ တာကြာတော့ မိုက်ခနဲ မိုက်ခနဲတောင်ဖြစ်လို့။ ကျွန်တော်အခန်းထဲဝင်လိုက်သည်နှင့် မန်နေဂျာရှေ့တွင် ကျွန်တော့် ညီက အသင့်စောင့်လျှက် ။ သူက စကားပြန်၊ ကျွန်တော် ခေါင်းနပမ်းကြီးသွားသည်။ မန်နေဂျာဆီကို အထူး ကိစ္စမရှိဘဲမရောက်ကြ ။ အခုတလော ဂျပန်တွေ စီးပွားရေးကြတယ်ဆိုပြီး နိုင်ငံခြားသား အလုပ်သမားများကို တဖြုတ်တည်းဖြုတ်နေသည်။ မန်နေဂျာက ကျွန်တော့်ကို ကြည့်ပြီး ..
"ဂျပန်မှာ အလုပ်လုပ်ရတာပျော်ရဲ့လား"
"ဟိုက် ( ဟုတ်ကဲ့ )"
"မြန်မာပြည်ကို မလွမ်းဘူးလား"
"မလွမ်းပါဘူး"
"မြန်မာပြည်က မိဘတွေဆီကို ငွေမှန်မှန်ပို့သလား"
"ဟိုက် ( ဟုတ်ကဲ့ )"
ဆိုင်မှာလည်း အရောင်းပါး၍ လူတွေလျှော့နေသည်။ အထူးသဖြင့် ကျွန်တော့်လို အရေးမပါသော အလုပ်သမားတွေကို ဖြုတ်နေသည်။ အခု မန်နေဂျာခေါ်တွေ့တယ်ဆိုတာ အလကားမဟုတ်နိုင်ပါ။ ဂျပန်က ဉာဏ်ခပ်များများ။ သူ့မေးခွန်းတွေကို ဂရုတစိုက်ဖြေနေရသည်။ တစ်ချက် အဖြေမှားရင်အလုပ်ပြုတ်နိုင်သည်။ မြန်မာပြည်ကို လွမ်းပါတယ်ဆိုရင် ဂျပန်က
"ဒီလိုဆိုလည်း တစ်ခါတည်း အနားယူလိုက်ပါ"
(အိုယာစုမိ) ဆိုပြီး ယဉ်ယဉ်ကျေးကျေး အလုပ်ဖြုတ်လိုက်မည်။
ကျွန်တော့် မျက်စိထဲ မူတူး နှင့် ဆာမိတို့ ရဲ့ဖြူဖွေးသော သွားကိုယ်စီဖြင့် ကျွန်တော့်ကို ပြုံးကြည့်နေသည့် မျက်နှာ ၊ ကျွန်တော့်မျက်လုံးတွေေ၀၀ါးနေသည်။ ရုတ်တရက် ကျွန်တော့်ညီက လက်နှင့် လှမ်းတို့ပြီး
"အစ်ကိုနာမည် ဘယ်သူတဲ့လဲ တဲ့"
ကျွန်တော့်နာမည်ကို အပြည့်အစုံ အားရပါးရပြောချလိုက်သည်။ ဂျပန်မန်နေဂျာက တအံ့တသြဖြင့် ကျွန်တော့်ကို ကြည့်ပြီး ကျွန်တော်ပြောလိုက်မိသော နာမည်အပြည့်အစုံကို အောက်ပါအတိုင်းပြောချလိုက်သည်။
"မူတူး … ဆာမိ .. စံ ..တဲ့လား...."
Email ဖြင့်ပေးပို့ သောဝတ္တုတိုလေးအားဖေါ်ပြပေးခြင်းဖြစ်ပါသည်..
"ဟိုက်"
0 comments:
Post a Comment